The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Tuesday, 11 December 2007

တစ်လပြည့်အလွမ်း

ဘွားဘွားရယ် မြေးတို့နဲ့ ခွဲခွာသွားခဲ့တာ ၁၁.၁၁.၂၀၀၇ နေ့ ညနေ ၄း၁၀ မိနစ်ကနေ ဒီနေ့ ဆို တစ်လပြည့်ခဲ့ပြီပေါ့။ အချိန်တွေဟာ မြန်ဆန်လိုက်တာနော်။ ဘွားကို ဒီနေ့ထိ မြေးလေ မေ့မရခဲ့သေးပါဘူး။ ဘယ်တော့မှလည်း မေ့မှာ မဟုတ်ပါဘူး။ မြေးတွေကို လိမ်မာအောင်၊ ယဉ်ကျေးအောင်၊ လူတွေကို တတ်နိုင်သရွေ့သည်းခံနိုင်အောင် သွန်သင်ဆုံးမခဲ့လို့ မြေးလေ လူတွေအပေါ် နားလည်ပေါင်းများစွာနဲ့ နေလာခဲ့ရတာ ဘွားရဲ့ကျေးဇူးတရားတွေကြောင့်ပါနော်။ ဘယ်သူတွေ ဘယ်လောက် ကောင်းကောင်း မကောင်းကောင်း ကိုယ်အမြဲတမ်းကောင်းဖို့ လမ်းပြခဲ့တဲ့ကျေးဇူးဟာ ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး။ ဘွားရဲ့အေးရိပ်ဟာ မြေးတို့အတွက် အလုံခြုံဆုံးဖြစ်ခဲ့ပါတယ်။ လူတိုင်းဟာ ဘွား သွားတဲ့လမ်းကို ဆက်လျှောက်ရမယ်ဆိုတာ နားလည်ထားခဲ့ပေမဲ့ တကယ်တမ်းခွဲခွာခဲ့တဲ့အခါ ရင်ထဲမှာ မဖြေနိုင်ခဲ့ပါဘူး။ ဘွားရယ် ယမင်းလေ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ဘွားအတွက် ရင်ထဲက စကားတွေကို ကဗျာအဖြစ် သွန်းလောင်းခဲ့ပါတယ်။ ဘွား ကောင်းရာဘုံဘ၀မှာ ပျော်ရွှင်နေမယ်ဆိုတာ ယမင်းသိထားပါတယ်။

တစ်လပြည့်အလွမ်း

လင်းပြီး မမှောင်၊ အေးမြမြစ်တာ
နေရောင်ဖျော့ဆင်း၊ ညနေခင်းသို့
မာန်ကင်းချိုသာ၊ ဘွား မျက်နှာသည်
ကြည်သာဘိခြင်း၊ ရင့်ကျက်ခြင်းဖြင့်
အလှမာန၊ ဒေါသမောဟ
တဏှာဆန်န၊ ကင်းစင်ပလျက်
လက်က ပုတီး၊ ပွားစည်းရွတ်ကြား
နှုတ်တရားနှင့်၊ အဘွား မပြတ်
နေပျော်တတ်၏။
ကွမ်းမြုံ့ငုံဝါး၊ ရေနွေးသောက်လျက်
တရားပွေ့ပိုက်၊ အခါးကြိုက်ကာ
ဘွားမျက်နှာသည်၊ ဇရာရိပ်တိုး
အရွယ်မျိုးမို့၊ နိုးကြားမှုကင်း
နုမျစ်ခြင်းတို့၊ ပကင်းရင့်နွမ်း
ပါးရေတွန့်လျက်၊ ပပ်ကြားအက်နှင့်။
နုခြင်း လှခြင်း စိုပြေခြင်းတို့
အလျဉ်းကွယ်ပျောက်၊ ပင်အိုခြောက်ဟု
တွေးထောက်ဆင်ခြင်၊ ဘွားကိုမြင်စဉ်
ယမင်းရဲ့ရင်ထဲ ကြည်နူးရိပ်ထင်
ပြုံးပျော်ရွှင်မြဲ
အိမ်အပြန် ယမင်းရဲ့အရိပ်
မြစ်တာနဲ့ ကြိုဆိုလက်ကမ်း
ဘွားအိုဘ၀၊ နေညိုစလည်း
အလှဝေစု၊ အနုလက်ကျန်
ရှင်သန်နေမြဲ၊ ဘွားရဲ့အပြုံး
အလျှံဖိတ်ဖိတ်၊ ယမင်း အရိပ်ထင့်
အမြဲ မြင်ယောင်နေဆဲပါတကား။ ။

ဘွားရဲ့ဆုံးမမှုတွေကို အသက်ရှင်နေသရွေ့ကာလပတ်လုံး မြေးလေ အမြဲလိုက်နာသွားမှာပါ။
ပြုပြုသမျှ ကောင်းမှုတွေကို ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေဘွားဘွားရယ်....

ဘွားဘွား...
နှုတ်ဆက်ခွဲခွာအပြီးတိုင်သွားခဲ့ပေမယ့်
ယမင်းရဲ့အိပ်မက်ထဲမှာ ခဏခဏတွေ့နေရတာ
ယမင်းရဲ့အတွေးထဲမှာ ခဏခဏ တွေ့နေရတာ
ဘာကြောင့်ပါလဲ ဘွားရယ်။
ဟောဒီ ကဘာမြေက
ဘာကိုမှ သယ်ဆောင်မသွားတဲ့အပြင်
ဘွား